Sunday, March 2, 2008

နေရစ်ခဲ့တော့ သရပါ...


ကျဉ်းမြောင်းသော၊ အကွေ့အကောက်များသော၊ လေပူတွေ တရကြမ်းတိုက်နေသော ကျောက်ပန်းတောင်းမြို့၏ ကားလမ်းဘေးက ထမင်းဆိုင်လေးတစ်ဆိုင်ထဲတွင် သူနှင့်သူမ အမှတ်မထင်ဆုံခဲ့သည်။ ဓနိမိုး၊ထရံကာ ထမင်းဆိုင်လေးထဲမှာ မှာထားသော
ထမင်းနှင့်ဟင်းကိုစောင့်ရင်း မဲညစ်ညစ် ရေနွေးကြမ်းအိုးထဲမှ ရေနွေးကို ရေဆာဆာနှင့် မော့သောက်လိုက်သော သူမကို ခပ်လှမ်းလှမ်းစားပွဲမှာ ထိုင်နေသောသူက ခပ်တည်တည်နှင့်ကြည့်နေခဲ့သည်။

ရှပ်အင်္ကျီ တစ်ပတ်နွမ်း၊ ကွက်စိပ်ပုဆိုးနှင့် သူ့အနားမှာ သူတို့အရွယ် လူငယ်တစ်စုဝိုင်းထိုင်နေသည်။ လွယ်အိတ်ကို စလွယ်သိုင်းထားသော ပိန်ပိန်ပါးပါး သူ၏ပုံပန်းက စိတ်ဝင်စားဖွယ်ကောင်းနေသည်။

“ဒါနဲ့ အစ်ကို.. မေရှင်ကိုရော သိလား”

သူ့ကို မေးလိုက်သည့်စကားကြောင့် သူမ အံ့သြသွားမိသည်။ သူတို့ဝိုင်းကို ဖျတ်ကနဲခေါင်းမော့ပြီး လှမ်းကြည့်လိုက်မိသည်။

“ဟာ.. ကောင်းကောင်းသိတာပေါ့ဗျာ”

သွက်လက်နေသည့်စကားသံက အနည်းငယ်တော့ ၀ဲနေသည်။

သူ၏ ဖြေသံကိုကြားတော့ သူမ သောက်လက်စ ရေနွေးတောင် သီးခမန်း ဖြစ်သွားသည်။

သူမဘေးက သူ့သူငယ်ချင်းကလည်း သူမကို မျက်ခုံးမြှင့်ပြသည်။ သူ့ကိုတော့ ထပ်မော့မကြည့်မိအောင် သူမကြိုးစားနေလိုက်သည်။

“အစ်ကို.. အစ်ကို့ကား အဆင်မပြေရင် အခုဒီကားနဲ့ပဲ ညောင်ဦးကိုလိုက်သွားလိုက်လေ”

“ဟုတ်တယ်… ကျွန်တော်တို့ စီစဉ်ပေးမယ်”

“အင်းပေါ့ဗျာ.. အခြေအနေအရ မီးစင်ကြည့်ကရမှာပဲ”

သူက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

သူမ သူငယ်ချင်းက ပခုံးတွန့်ပြသည်။
သူမကတော့ မထိန်းနိုင်တော့ဘဲ ချောင်းတဟွတ်ဟွတ်ဆိုးပစ်လိုက်မိသည်။

ဒီလိုနဲ့ သူမတို့စီးလာတဲ့ အဝေးပြေးကားနဲ့ သူတို့အုပ်စုပါလာကြသည်။ လမ်းမှာသဲချောင်းလေးတွေ၊ ခြောက်သွေ့တဲ့ လွင်ပြင်တွေကို ငေးရင်း သူမ အိပ်ပျော်သွားခဲ့သည်။

နားထဲမှာ ဆူဆူညံညံအသံတွေကြောင့် သူမလန့်နိုးလာခဲ့သည်။
ညောင်ဦးမရောက်ခင် အမည်မသိ မြို့လေးတစ်မြို့မှာ ကားကရပ်ထားသည်။
ကားနောက်ပိုင်းမှ အသံများက ပိုကျယ်လောင်လာသည်။

“ခင်ဗျားတို့ ကျွန်တော့ကို နိုင်ငံခြားသားမှန်းသိရက်နဲ့ တင်ခေါ်လာတုန်းက ခေါ်လာပြီးတော့၊ အခုလို လမ်းတစ်ဝက်မှ ဆင်းခိုင်းတာတော့ ဘယ်ကောင်းမလဲဗျ”

“ဟုတ်ပါတယ်အစ်ကိုရယ်.. ခုနတုန်းကတော့ အစ်ကိုပဲသဘောတူခဲ့တာပဲလေ”

သူ့ဘေးမှ လူတစ်ယောက်က သူ့ဘက်မှ အသနားခံနေသည်။

“မဖြစ်ဘူးဗျ၊”

ကားမောင်းသူက အသံနှိမ့်ပြီး ပြောလိုက်သည်။

“မဖြစ်လို့မရဘူး။ ကျွန်တော့ကို ဒီလိုလမ်းမှ ချခဲ့လို့တော့၊ သက်ဆိုင်ရာကို တိုင်မယ်”

သူ အသံဝဲ၀ဲနှင့် မွတ်နေအောင်ပြောနေသည်။

“ကြည့်စီစဉ်ပေးလိုက်ပါအကိုရာ”

“အင်းလေ.. ကြည့်လုပ်ရမှာပဲ” ကားမောင်းသူ၏ အသံက ပိုလို့တိုးသွားသည်။

နောက်ဆုံးတော့ သူတို့အားလုံး အဆင်ပြေသွားကြသည်ထင်သည်။ ညောင်ဦးမြို့လေးကို ဆိုက်ရောက်လာခဲ့သည်။



ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ နံနက်ခင်းလေပြည်က လတ်ဆတ်နေသည်။ မြက်ခင်းစိမ်းပေါ်က စားပွဲလေးမှာထိုင်ရင်း ငှက်ကလေးတွေ ခပ်တိုးတိုးသီချင်းဆိုနေသံကို သူမ နားစွင့်ရင်း မွှေးပျံ့တဲ့ လက်ဘက်ရည်ပူပူကို ပန်းကန်ထဲသို့ ငှဲ့လိုက်သည်။ သူမ သူငယ်ချင်းက လှပသွယ်လျတဲ့ လက်ကလေးတွေကို နံနက်ခင်းမှာ လိမ်းရတဲ့ လိုးရှင်းလိမ်းရင်း နံနက်စာကို တို့ကနန်းဆိတ်ကနန်းစားနေသည်။ ထမင်းဟင်း ကောင်းကောင်း မစားနိုင်တာရယ်၊ ခရီးပန်းတာရယ်ပေါင်းပြီး သူမ သူငယ်ချင်း၏ မျက်နှာ ချောင်ကျသွားတာကို သတိထားလိုက်မိသည်။ သူမကတော့ သေသေချာချာ ညကတည်းက ကြိုတင်မှာထားတဲ့ ပဲပြုတ်ထမင်းကြော်ကို မြိန်ရည်ရှက်ရည် စားနေခဲ့မိသည်။ သူငယ်ချင်းကို အားမနာနိုင်တော့။ ဒီပဲပြုတ်စင်စစ်ကို မစားရတာ နှစ်နဲ့ချီနေပြီလေ။ သူမတို့ဘေးက စားပွဲမှာ လူတစ်ယောက် ၀င်ထိုင်လိုက်သည်မို့ စောင်းငဲ့ကြည့်လိုက်သည်။ ဖြူဖွေးနေတဲ့ ရှပ်အဖြူရောင်၊ အပြာနုကွက်စိပ်ပုဆိုးနဲ့ သူက သူမတို့ကို ပြုံးပြလိုက်သည်။

“မင်္ဂလာပါ”

ဒီတစ်ခါတော့ သူမ ချောင်းမသီးတော့။

“မင်္ဂလာပါရှင့်”

အပြာနောက်ခံမှာ အစိမ်းရောင်လဲ့နေသော မျက်လုံးများကို ကြည့်ရင်း သူမနှုတ်ဆက်လိုက်သည်။
“မင်းဂလာပါရှမ်”

သူမ သူငယ်ချင်းကလဲ အသံဝဲ၀ဲလေးနဲ့ ပြန်နှုတ်ဆက်လိုက်သည်။

လွတ်နေတဲ့ ခုံပေါ်ကို ကျောပိုးအိတ်ကို သူတင်လိုက်သည်။ သူရဲ့ကျောပိုးအိတ်ပေါ်မှာ
အဖြူပေါ်မှာ အနီရဲရဲ သစ်ရွက်တံဆိပ်။

သူကလဲ ခုံပေါ်က သူမတို့ရဲ့ကျောပိုးအိတ်တွေပေါ်က အဖြူခံမှာ အနီရဲရဲသစ်ရွက်တံဆိပ်ကို လှမ်းကြည့်လိုက်သည်။ ပြီးတော့ တချက်ပြုံးလိုက်သည်။

“ဒါကြောင့် နယ်ခံတွေနဲ့မတူဘူးလို့ တွေးနေသေးတယ်”

“အစ်ကိုလည်း နယ်ခံနဲ့ မတူပါဘူး”

မရင်းနှီးသေးတဲ့ တစိမ်းတွေ ရင်းနှီးစွာ ရယ်မောလိုက်ကြသည်။

“ဒါနဲ့ ဘယ်ပြည်နယ်ကလဲ”

“ဘီစီကပါ”

“အော်.. ကျွန်တော်က အွန်တေရီယိုက၊ တိုရန်တို ယူနီကလေ၊ ပုဂံကို လေ့လာနေသူတစ်ယောက်ပါ”

“ကောင်းလိုက်တာ၊ နေရာချင်းလဲမလား”

သူမအပြောကြောင့် သူရယ်မောလိုက်သည်။

“မြန်မာလို မွတ်နေတာပဲ။ ရောက်တာဘယ်လောက်ကြာပြီလဲ၊ ဘယ်လိုသင်တာလဲဟင်”

သူမ သူငယ်ချင်းက အင်္ဂလိပ်လို လှမ်းမေးလိုက်သည်

“ရောက်တာသုံးနှစ်ရှိပြီလေ၊ လက်ဖက်ရည်ဆိုင် များများထိုင်တယ်။ အဲဒီလိုနဲ့ဗမာစကားတတ်တာ”

သူက ဗမာလိုပြန်ဖြေလိုက်သည်။

“ကနေဒါမှာ ဘာလုပ်နေတာလဲ၊ ကျောင်းလား၊ အလုပ်လား”

“ကျွန်မတို့က အဲဒီမှာ နေတာပါ” သူမအသံက တိုးတိမ်၊ ခြောက်ကပ်စွာထွက်လာသည်။

“ဩော်….. ”

ပုဂံသမိုင်းကို လေ့လာနေသော၊ ဗမာစကားကို ရေလည်အောင်ပြောနေသော၊ ပုဆိုးဝတ် လူဖြူတစ်ယောက်ရှေ့မှာ၊ သူမ အနေရခက်စွာခေါင်းငုံ့နေခဲ့မိသည်။

ထိုနေ့က နံနက်စာဝိုင်းမှာ သူနဲ့ သူမ သူငယ်ချင်းတို့ စကားတွေ ဖောင်ဖွဲ့နေခဲ့သည်။

သူမသူငယ်ချင်းက သိုးဆောင်းစကား များများသုံးပြီးပြောသည်။ သူကတော့ ဗမာလိုပဲ ပြောသည်။ သူမကတော့ နားထောင်သူ သက်သက်။



ဒီလိုနှင့် ကမ္ဘာရဲ့ ဟိုဘက်ခြမ်းမှာတုန်းက မဆုံဖြစ်ခဲ့ကြဘဲနှင့် ပုဂံမြို့လေးရဲ့ တည်းခိုခန်းတစ်ခုမှာ အတူတည်းခိုဖြစ်ကြသည့် သူတို့သုံးဦး ခင်မင်ရင်းနှီးသွားကြသည်။ သူအလုပ်အားသည့် နေ့များတွင် ခရီးတိုလေးတွေ အတူတကွ ထွက်ဖြစ်ခဲ့ကြသည်။ လွတ်လပ်မှုကို ခုံမင်နှစ်သက်တဲ့ သူမသူငယ်ချင်းက ကျောပိုးအိတ်တစ်လုံး၊ စက်ဘီးတစ်စီးနှင့် နံနက်စောစောကတည်းက ပျောက်သွားတတ်သည့်နေ့များ၊ အစားတွေနဲ့ မတည့်လို့ ဗိုက်ရစ်ပြီးနာတယ်ဆိုပြီး အခန်းထဲမှာ စာအုပ်တစ်အုပ်နှင့် ကျန်ရစ်ခဲ့တတ်သည့် နေ့များတွင်တော့ သူနှင့် သူမ နှစ်ဦးတည်း စက်ဘီးကိုယ်စီနှင့် စေတီပုထိုးတွေဆီ၊ ရွာလေးတွေဆီ၊ ခြေဦးတည့်ရာ ထွက်ဖြစ်ခဲ့ကြသည်။



ထိုနေ့က ဓမ္မယံကြီးဘက်ကို သူနှင့် သူမ ထွက်ဖြစ်ခဲ့ကြသည်။ ပူစပ်စပ်နေရောင်အောက်မှာ ထနောင်းနံ့က သင်းပျံ့နေသည်။ ခပ်ဝေးဝေးက ခပ်ဖြည်းဖြည်း ရွေ့နေတဲ့ ခင်တန်း၊ တာရိုးလေးတွေကို ငေးရင်း မြင်းလှည်းလေးပေါ်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ သူမကို သူပြုံးကြည့်နေခဲ့သည်။

“အဆင်မပြေဘူးလား”

“လမ်းဆင်းလျှောက်ရင် ကောင်းမယ်ထင်တယ်”

“ဘာဖြစ်လို့လဲ”

“မြင်းလေးကိုကြည့်လေ။ သိပ်ပိန်တယ်။ မနည်းဆွဲနေရတယ် မစီးရက်ဘူး”

မြင်းလှည်းသမား မကြားအောင် သူမ အသံကို နှိမ့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ဒါဆို မြင်းလှည်းသမား ပိုက်ဆံမရရင်၊ သူ့မိသားစုတင်မက ဒီမြင်းလေးပါ ပိုငတ်မှာပေါ့”

ထိုအချိန်မှာ မြင်းလေးက ကိစ္စပြုလိုက်သည်။ ခံထားတဲ့ အကာက မလုံလို့ မညီညာတဲ့ လမ်းတွေပေါ်မှာ ကြဲပြန့်သွားသည်။ ဒါကို သူမ ခပ်ငေးငေးကြည့်နေမိသည်။

ဒီလိုနဲ့ အတိတ်ထဲမှာ အိပ်မောကျနေတဲ့ ပျက္ခရွေတောင်တန်း၊ အရိမဒ္ဒနပူရ၊ သဒ္ဒနီတိ၊ ဂမ္ဘီရပညာ၊ ဂန္ဓာရီအတတ် စသည်တို့ကို အတိတ်ထဲက ဆွဲခေါ်လာနေတဲ့ သူနဲ့၊ မြို့ပြရဲ့ ဖိစီးမှုတွေကနေ အဝေးကိုပြေးလာတဲ့ သူမတို့၊ ပုဂံမြို့ရဲ့ လမ်းလေးတွေပေါ်မှာ၊ ဖုတ်တထောင်းထောင်းထတဲ့ လေပူတွေကြားမှာ၊



သံတော်ကြားစေတီလေးနားက ပန်းရုံလေးနားမှာ၊



လေတွေတိုက်နေတဲ့ ဗူးဘုရား ရင်ပြင်ပေါ်မှာ၊



အရုဏ်ဦးရဲ့ ကြည်ပြာရောင် မြူတွေကြားမှာ၊ ရွှေရောင်လက်တဲ့ ဧရာဝတီရဲ့ လှိုင်းကြက်ခွပ်တွေကြားမှာ အတွေးတွေ၊ ခံယူချက်တွေ ဖလှယ်ဖြစ်ခဲ့ကြသည်။



ထိုညကတော့ လရောင်က ဖိတ်ဖိတ်တောက် သာနေတဲ့ည။ မြစ်ပြင်ထဲမှာ လှေကလေးတွေ ခပ်ဖြည်းဖြည်းလှော်ခတ်နေတဲ့၊ တောင်တန်းတွေ မှုန်ပြနေတဲ့၊ သစ်ရွက်တွေ အရောက်တောက်နေတဲ့၊ သင်းပျံ့တဲ့ ညလေတွေ လွန့်လူးနေတဲ့၊ ကဗျာဆရာရင်ထဲက ကဗျာတွေ ထွက်ကျလာနိုင်တဲ့ည။

တည်းခိုခန်း ပန်းခြံထဲက ခုံတန်းလေးမှာ သိပ်လှတဲ့ည အိပ်မရနိုင်လို့ သူမ မြစ်ပြင်ဘက်ကို ငုတ်တုပ်ထိုင်ငေးနေခဲ့တဲ့ည။ ညင်သာတဲ့ ခြေသံတစ်စုံက ခုံတန်းဘေးမှာ ရပ်တန့်သွားတဲ့ည။

ထိုင်ခွင့်ပြုလိုက်တဲ့ သူမဘေးမှာ သူ ၀င်ထိုင်ရင်း ထုံးစံအတိုင်း အတွေးတွေ ဖလှယ်နေခဲ့ကြသည့်ည။

“တကယ်တော့ ဒီဒေသမှာ လုပ်စရာတွေ အများကြီးရှိနေတယ်”

“ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တယ်ဆို ဖြစ်ပါတယ်”

“ကျွန်တော်လား၊ ဒီနေရာမှာ တစ်နှစ်ကြာရင်လဲကြာမယ်။ နှစ်ပေါင်းများစွာ ကြာသွားရင်လဲ ကြာသွားမယ်”

“ဂရန့်ရနေသမျှ ဘန်ကောက်သွားပြီး ဗီဇာတင်တင်ပြီး ဒီပုဂံမှာ ဆက်နေရင် နေဖြစ်မယ်”

“ဒီလောက်လှတဲ့ လုပ်စရာတွေအများကြီးရှိတဲ့ တိုင်းပြည်မှာ ဘာလို့မနေတာလဲဟင်”

“ကျွန်တော်နဲ့……. ကျွန်တော်နဲ့… ဒီပုဂံမှာ အလုပ်အတူတူလုပ်ပါလား”

………..
………..

“ခင်ဗျား စိတ်ဝင်စားတဲ့ မြန်မာပြည်ကယောင်္ကျားအချို့ထက် ကျွန်တော်က မြန်မာပြည်အကြောင်း၊ ပုဂံအကြောင်း၊ မြန်မာ့အနုပညာတွေ ဂီတတွေအကြောင်း၊ သမိုင်း၊ပထ၀ီအကြောင်း ပိုသိနေတယ်ဆိုရင်ကော.. ဟင်းဟင်း.. ဒီမြို့မှာ နေမလား”

“ခင်ဗျားပြောတယ်မို့လား၊ ဗမာကိုယူမှ ခရေအကြောင်း၊ ငုဝါအကြောင်း၊ ချိုင့်ခွက်တွေပေါတဲ့ အနီရောင်လမ်းလေးတွေအကြောင်း ပြောလို့ရမှာဆိုတာ၊ တစ်ကယ်တော့ ခင်ဗျားပြောချင်တဲ့ မြန်မာ့စာပေ၊ဂီတ၊ နောက်ပြီး မြန်မာပြည်ရဲ့ ရာသီပန်းမျိုးစုံအကြောင်းလဲ ဒီကသာမန်လူတွေထက်တောင် ပိုသိပါတယ်။ အနီရောင်လမ်းတွေပေါ်မှာလဲ ပုဆိုးဝတ်ပြီး ကျွန်တော်လျှောက်တတ်ပါတယ်”

“မော်ဒန်လွန် ကဗျာတွေအကြောင်းပြောချင်တယ်ဆိုရင်တော့ ကျွန်တော်လေ့လာရဦးမှာပေါ့လေ”

အဲဒီညက လေတိုက်လို့ လွင့်သွားတဲ့ သူမနဖူးစပ်က ဆံနွယ်လေးကို သူက လက်နဲ့ သပ်တင်ပေးလိုက်တယ်။ သူမကို ငေးကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲမှာ မျှော်လင့်ခြင်းအရောင်တွေ။

သူမလဲ သူ့မျက်ဝန်းတွေထဲကို စိုက်ကြည့်နေခဲ့လိုက်သည်။ လရောင်အောက်က သူ့ရဲ့ အစိမ်းရောင်သန်းတဲ့ ကြည်ပြာရောင်မျက်လုံးကို သူမ ငေးကြည့်နေခဲ့လိုက်သည်။

“ရှင်..သိပ်လှပါတယ်။ ဆံပင်တွေ၊ မျက်လုံးတွေ၊ နှာတံတွေ၊ နဖူးပြင်တွေ။ ယောင်္ကျားပီသပါတယ်။ ဥာဏ်ပညာကြီးပါတယ်၊ လူတွေကို ကူညီချင်တဲ့ လူသားအကျိုးပြုစိတ်ဓတ်နဲ့လဲ ပြည့်ဝပါတယ်။ လူတွေချထားတဲ့ ဘာသာရေး၊ လူမျိုးရေး၊ စတဲ့ စည်းတွေနဲ့ ကိုယ့်ကိုကိုယ် ဘောင်မခတ်ထားပဲ ကျယ်ပြန့်တဲ့ စိတ်ထား၊ သိမ်မွေ့လှပတဲ့ စိတ်ထားနဲ့လဲ ပြည့်စုံပါတယ်။ ကျွန်မကို တစ်သက်လုံးပျော်အောင်ထားနိုင်မယ်ဆိုတာလဲ ယုံပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။ ရင်ထဲမှာ ဘာမှ ခံစားလို့မရလို့ပါနော်၊ ကျွန်မကိုခွင့်လွှတ်ပါ။”

ထိုနေ့က ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်ခါနီးအထိ သူတို့ စကားတွေပြောဖြစ်ခဲ့ကြသည်။ နောက်ရက်တွင်တော့ သူတို့ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့ကြသည်။ သူမနှင့် သူမသူငယ်ချင်းကတော့ ရန်ကုန်မှာ ဆက်နေဖြစ်ဦးမည်။ သူကတော့ ဘန်ကောက်ကို ဆက်လက်ထွက်ခွာမည်။ ဗီဇာတင်မည်။ ပြန်ဝင်မည်ဟုဆိုသည်။ နေချစ်ချစ်တောက်ပူနေတဲ့ အင်းစိန်က အဝေးပြေး ကားဂိတ်နားက စားသောက်ဆိုင်တစ်ခုထဲမှာ သူတို့ ခရီးတစ်ထောက်နားဖြစ်သည်။ သူက လိုင်းကားနဲ့ပဲ ရန်ကုန်မြို့ထဲကို ဆက်ထွက်မည်ပြောတုန်းက သူမ အနည်းငယ်စိတ်ပူသွားမိခဲ့သည်။ သူက စီးနေကျပါဟု ခပ်ပြုံးပြုံးပြောသည်။ သူသွားတော့မည်ဆိုတော့ ကားဂိတ်နားအထိ သူမ လိုက်ပို့ပေးမိသည်။ သူမသူငယ်ချင်းက အလိုက်တသိ ထမင်းဆိုင်ထဲမှာ နေရစ်ခဲ့သည်။ ကားဂိတ်ရောက်တော့ ပူပြင်းတဲ့ နေရောင်အောက်မှာ လေပူတွေက ထပ်ဆင့်တိုက်ခတ်နေသေးသည်။

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားရမှာပေါ့ဗျာ၊ ခက်တာက ကျွန်တော်ကလဲ ပုဂံမှာ ပျော်တဲ့သူဗျ”

“ကောသလမင်းအိပ်မက်ထဲကလိုပေါ့ရှင်။ ပြည့်နေတဲ့ ရေအိုးတွေကို ထပ်ဖြည့်နေသူက ကျွန်မပဲထားပါတော့။ ရှင်ကတော့ မပြည့်သေးတဲ့ ရေအိုးတွေကို ဆက်လက်ဖြည့်ဆည်းပေးနေတာလေ။ ကျွန်မဒီမှာနေရင်လည်း ကျွန်မဟာ ရေအိုးတွေထဲက နောက်ထပ်ရေအိုးတစ်လုံးပဲဖြစ်မှာမို့ ရေဖြည့်ခွင့် ရမယ်လို့ မထင်ဘူး။ ရှင်ဖြည့်ပေးနေတဲ့ ရေအိုးတွေကိုယ်စား ကျွန်မ ရှင့်ကို ကျေးဇူးတင်တယ်လို့ ရိုးသားစွာ ပြောခွင့်ပြုပါ”

သူ.. သူမကို စိုက်ကြည့်နေခဲ့သည်။

ခပ်လှမ်းလှမ်းမှာ လိုင်းကားတစ်စီးက ခပ်ဖြည်းဖြည်း မောင်းနှင်လာသည်။ ပုဆိုးကို သူပြင်ဝတ်လိုက်သည်။

“ကျွန်တော် ပုဂံမှာ ရှိနေမယ်”

စိမ်းပြာရောင်မျက်လုံးများနှင့် ရင်မဆိုင်ရဲ၍ သူမခေါင်းငုံ့ချလိုက်မိသည်။ ကားဆိုက်လာသည်။ ကားပေါ်ကို သွက်လက်ကျွမ်းကျင်စွာ ခုန်တက်လိုက်သည်။

တွဲလောင်းခိုစီးရင်း သူမ မြင်ကွင်းထဲမှ သူ.. ကားနှင့်အတူ တရွေ့ရွေ့ေ၀၀ါးမှုန်ရီ ကွယ်ပျောက်သွားပါတော့သည်။

(တစ်ထောင့်ကိုးရာကိုးဆယ်နှောင်းပိုင်းက ပုဂံရက်များသို့)

ဆက်ဖတ်ရန်...

ချစ်သူ့အိမ်


ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တဖက်တချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ၊ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။

မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လည်း အသက်ဝင်နေတတ်တယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တခါတရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့ တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တခါတရံ ချစ်သူ တံမြက်စည်းလှည်းနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတခုလည်းပါတယ်။ တခါတရံ တံမြက်စည်း လှည်းပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တခါတရံတော့လည်း ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝံ့ဝံ့ ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လက်ဖက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လည်း အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။

မိုးအုံ့နေတဲ့ ညနေလေး တစ်ခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှည့်ကြရင်ကောင်းမလားလို့ ချီတုံချတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစ်စုံတစ်ရာကို(သို့) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တစ်ယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တစ်ခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုးလ်နံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွှန်တော် “ . . . ” ပါတဲ့၊ တစ်အုပ်စုလုံးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွန်တော့အိမ်ပါတဲ့၊ တစ်အုပ်လုံးက တစ်ခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါလည်း လာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူ့အတွက် စပ်ထားတဲ့ကဗျာတစ်ပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှမျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တစ်ခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကို တစ်ပတ်လျှို တွဲချထားတဲ့ မိန်းကလေးတစ်ယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေ တရှဲရှဲမြည်သွားတယ်။

ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်တော့ပါ။

ဆက်ဖတ်ရန်...

ရင်သွေး

အိမ်ရှေ့လမ်းပေါ်မှာ နေရောင်ခြည် ကွက်တိကွက်ကြားက
ရွရွလေး လမ်းလျှောက်ထွက်နေတယ်။
လေပြေက သစ်ရွက်တွေကို ခပ်ဖွဖွ နမ်းရှိုက်လိုက်တယ်..။
တွန်းထိုး ကလူကျီစယ်….
သူတို့ရဲ့ ကိုယ်တွေကို လှုပ်ခတ်ရယ်မောနေကြတယ်။

ကောင်းကင်ပြာပေါ်မှာ တိမ်လိပ်တွေ ခရီးနှင်ရင်း
ကိုယ့်ကို ငုံ့ကြည့်၊ အပြုံးတစ်စင်းနဲ့ ခရီးဆက်နင်းသွားတယ်…။
ကလေးအတွေးနဲ့ မော့မငေးတော့ပေမယ့်
တိမ်ဖြူတွေပုန်းတဲ့ မင်းမျက်နှာ ပြုံးပြုံးလေး…။
အို………။
တွေ့လိုက်တယ်လေ။
ကင်မရာဆွဲယူလို့
အမှတ်တရ ရိုက်ယူထားလိုက်တယ်။
လူတွေကလည်းဆိုတယ်… ဟုတ်တယ်တဲ့။
တိမ်တွေထဲမှာ…. မင်း….. တဲ့။



ကိုယ့်ကို ချစ်သေးရဲ့လားဟင်။
ကိုယ့်ကို ခွင့်လွှတ်နိုင်ဦးမလား။
ပြန်ဆုံခွင့် ကြုံဦးမလား။
အရင်လို အပြေးလာပြီး ဖက်ထားဦးမှာလား။
“သိပ်ချစ်တယ်”လို့ကော ပြောဦးမှာလား။
လေထဲမှာ လွင့်နေတတ်တဲ့ မင်းဆံနွယ်တွေ ရှိုက်နမ်းခွင့် ကြုံဦးမလား။
အားလုံးပြီးဆုံးသွားခဲ့ပြီလားကွယ်။

အဲဒီလမ်းလေးပေါ်မှာ ရေးထားတယ်…။
အားမရှိတော့တဲ့ ရင်ထဲက သွေးတွေနဲ့
မင်းပေးခဲ့တဲ့ လမ်းလေးပေါ်မှာလေ…။
အလွမ်းတွေကို တစ်စစီ လိုက်ကောက်ထုတ်ပိုးလို့ ဟိုးကောင်းကင်ကို ပစ်ပေါက်
ဘုရားသခင်ကိုလဲ မကြောက်တော့ဘူး…။

တကယ်ဆို..
ဘုရားကျောင်းအိုကို…. ကိုယ်မရောက်တာကြာပေါ့။
ဒီနေ့တော့ အတ္တတွေကို စုတ်ဖြဲ
မရယ်ချင်တဲ့ ညီနေတဲ့သွားတွေကို အမြဲပြ
လှပစွာကြိုးစားပြုံးရင်း.. မင်းရှိတဲ့ အလင်းဘက်
ငါအက်ကွဲစွာ ပြုံးပြလိုက်မယ်နော်..။

လူတွေဟာ ကိုယ်လုပ်ချင်တာတွေလုပ်ပြီးတိုင်း
ဘုရားသခင်.. ဘုရားသခင်လို့ ဘုရားသခင်ကို အပြစ်ဖွဲ့
ကိုယ့်အပြစ်လျော့အောင်လုပ်ကြလို့်..
ဘုရားသခင်ကိုတောင် ကိုယ်သနားနေပြီလေ။

ကိုယ်လုပ်ချင်တာတွေလုပ်ကြ..
ဘုရားသခင်ကို စကားတွေနဲ့ သီချင်း၊ စာ၊ ကဗျာတွေထဲကတော့ ထုတ်ထားကြပါ။
ကိုယ့်ကိုကိုယ်သာ ဆုံးမ
ဘုရားသခင်ကို ထားလိုက်ကြပါလို့
ဘုရားကျောင်းအိုမှာ သွားငိုပြနေလဲ
အပိုပဲဖြစ်မှာပါပဲကွယ်..။

မင်းအတွက်..
ကိုယ့်ရင်ထဲက သွေးတွေ
လာအန်ထုတ်တဲ့ ဒီဘလော့ဂ်နေရာလေးကို
လူတွေလာလည်နေကြတယ်…
သူတို့မသိတာ
အစိမ်းရောင်ကြိုက်သူရဲ့ ပုစွန်ဆီရောင်ကောင်းကင်ဟာ
အလွမ်းသွေးတွေစွန်းလို့ ပန်းရင့်ရောင်ဖြစ်နေတယ်ဆိုတာပေါ့။
သူတို့လည်း အလွမ်းတွေစွန်း
ပြန်ယွန်းသွားကြလေရဲ့။
ပြောကြပါတယ်…
အလွမ်းဓာတ်ခံရှိသူတဲ့ …
ကိုယ့်ယဲ့ယဲ့လေး ပြုံးပြလိုက်တယ်။

ကြည်ဖြူစွာ၊ ကြေကွဲစွာ၊ ခြောက်ကပ်စွာ၊ မလှပလွန်းစွာ
ဒီပန်းရောင်လွင်ပြင်ကို……
ရင်ဘတ်ထဲက အကြပ်အတည်းသွေးတွေနဲ့
ဆက်ရေးခြယ်နေလိုက်ဦးမယ်နော်……..
ကိုယ်.. အသက်ရှင်နေသေးသ၍လေ……။

(ဒီနေ့တော့ သိုးမည်းတစ်ကောင် ဘုရားကျောင်းဘက်..ခြေဦးလှည့်ဦးမယ်ကွယ်)



ဆက်ဖတ်ရန်...

ပျော်နေတတ်မှာပါ..မောင်

လွမ်းတယ်မောင်……။
မောင် ထွက်ခွာသွားတဲ့လမ်းလေး
ခပ်ငေးငေးကြည့်ရင်း
အလွမ်းတွေနဲ့ အတိပါပဲ.. မောင်။



လွမ်းတယ်မောင်………။
မိုးတွေထဲ ကျွန်မတစ်ယောက်တည်းပေါ့
အသည်းကွဲမျက်ရည် မရောယှက်ဘူးနော်..
ခဏကြာတော့လည်း.. မောင်.. ကျွန်မကို မေ့လို့
ပျော်နေတတ်မှာပါ..မောင်။

လွမ်းတယ်မောင်……..။
မောင် ပြန်လာဦးမလား
ထားသွားမှတော့ နောက်လှည့်မကြည့်နဲ့တော့ မောင်ရယ်..
အထီးကျန်လမ်းပေါ်ကို ဖိတ်စဉ်ကာကျသွားတဲ့
ရင်ထဲက ပဲ့တင်ခတ် စကားလည်း
မောင်.. မကြားသိနိုင်တော့ပဲကွယ်..။

မောင့် ကို…..
…………..
သိပ်ချစ်တယ်မောင်……..။


ဆက်ဖတ်ရန်...

Saturday, March 1, 2008

ကျွန်မချစ်တဲ့ သစ်တစ်ပင်




စမ်းရေစီးသံ တသွင်သွင်ကြားနေရသည်။

စမ်းချောင်းလေးတစ်ဖက်တစ်ချက်က ထင်းရှုးတောနဲ့ မေပယ်လ်ပင်တွေကြားထဲကို လေပြည်ခပ်တိုးတိုး တိုက်ခတ်သွားသံကိုလည်း ကြားလိုက်ရသည်။ လေပြည်ကြောင့် ရွက်နုလေးတွေနဲ့ ထင်းရှုးသီးပေါက်စလေးတွေ ကြွေကျသွားတော့ ရော်ဘင်ငှက်ကလေးက လန့်ပြီးပျံထွက်သွားသံကိုလဲ ကြားလိုက်ပြန်သည်။

ကန်စပ်မှာ ငန်းမိသားစုတစ်စု အစာရှာနေကြသည်။ နွေဦးရောက်ပြီဆိုတော့ ငန်းပေါက်လေးတွေ ပေါက်လာကြပြီလေ။ ဖခင်ငန်းကြီးကတော့ ဘယ်တော့မှ အစာဖြောင့်အောင် မစားနိုင်ရှာ။ ငန်းမလေးနဲ့ သူ့ကလေးတွေကို စိုးရိမ်စိတ်ဖြင့် လည်တံရှည်ကို ဟိုလှည့်ဒီလှည့်နှင့် ပတ်ဝန်းကျင်ကိုအမြဲစောင့်ကြည့်နေသည်။

ခပ်ဝေးဝေးမှာတော့ တိုက်တာအမြင့်ကြီးတွေ…။ Kodak, Creo, Electronic Arts, MDS ဆိုင်းပုဒ်တွေကို လှမ်းမြင်နေရသည်။ ခပ်လှမ်းလှမ်းဟိုင်းဝေးပေါ်မှာ ကားတွေ အရှိန်ပြင်းပြင်းသွားတဲ့ လေတိုးသံတွေ။ ဒီစမ်းချောင်းလေးထိပ်က ဒီသစ်ပင်ကြီးအောက်မှာ ကိုယ်လာလာထိုင်ရင်း.. အတ္တတွေကို တစ်စစီ ခြွေချနေမိတာကြာပေါ့။ သစ်ပင်ကြီးက စိမ်းလန်းသည်၊ မြင့်မားသည်၊ လှပသည်။ ပင်စည်ခြေရင်းမှာ စိမ်းစိုလန်းဆန်းတဲ့ မြက်ခင်းပြင်ရှိသည်။

ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး ဘေးနားသို့ အသာကန်ပစ်လိုက်ကာ စိတ်လွတ်လက်လွတ်ထိုင်ချလိုက်သည်။ သစ်ပင်ကြီးရဲ့ ပင်စည်ထဲမှာ ကျောကိုမှီကပ်ပြီးထိုင်လိုက်တော့ သူ့ထံကနွေးထွေးမှုတွေ။ ထိပ်ဖျားကိုမော့ကြည့်လိုက်တော့ သစ်ပင်ကြီးက ကိုယ့်ရဲ့ နေ့လည်စာထည့်တဲ့ အိတ်အစိမ်းနုလေးကို ခပ်တိုးတိုးပြုံးပြသည်။ ကိုယ့်အိတ်လေးထဲမှာ ပျင်းခြောက်ခြောက်နေ့လည်စာက ထုံးစံအတိုင်းပေါ့၊ ယိုးဂတ်ဗူးရယ်၊ အသားညှပ်မုန့်ရယ်၊ ပန်းသီးဖျော်ရည်ဗူးရယ်။ စပျစ်သီးခြောက်လေးတွေရယ်…

သစ်ပင်ကြီးကပြောသည်။ ထမင်းဖြူ၊ ကန်ဇွန်းရွက်ကြော်နဲ့ ငပိရည်တော့ အိမ်ရောက်မှစားပေါ့တဲ့။ ကိုယ်ခေါင်းငုံ့ပြုံးလိုက်ရင်း စပျစ်သီးခြောက်လေးအချို့ကို ငန်းလေးတွေဘက်ပြစ်ပေးလိုက်တယ်။ သစ်ပင်ကြီးကအလန့်တကြားထပ်ပြောသည်။
“မလုပ်နဲ့လေ..သူတို့ကိုသဘာဝအတိုင်းထားလိုက်၊ မင်းတို့လို အစာကြွေးသူတွေများလာရင် သူတို့ဘာသာ အစာမရှာတတ်ဘူးဖြစ်သွားလိမ့်မယ်၊ တစ်ခါတစ်ရံ အရာရာကို ပါးစပ်ထဲအထိ လိုက်ခွံ့ပေးခြင်းဟာ စေတနာမဟုတ်ဘဲ ဝေဒနာဖြစ်တတ်တယ်။ သူ့သဘာဝ အတိုင်းလေး ရှိပါစေ”တဲ့၊

ယိုးးဂတ်ဗူးကိုဖောက်လိုက်ပြီး ဇွန်းသေးသေးနဲ့ကော်စားနေတုန်း မြက်ခင်းပေါ်မှာ ပိုးကောင်လေးတစ်ကောင် ခပ်ဖြည်းဖြည်း ခရီးထွက်နေတာကိုမြင်လိုက်သည်။ စားနေတာကိုရပ်လိုက်ပြီး ပိုးကောင်လေးကို စိုက်ကြည့်ရင်း စိတ်ထဲက လှမ်းခေါ်လိုက်သည်။ တော်တော်ကြာကြာ စိုက်ကြည့်ရင်း ဒီဘက်ကိုလာပါလားလို့ လှမ်းခေါ်နေလိုက်သည်။

မမျှော်လင့်ဘဲ ပိုးကောင်လေးက အလျှားလိုက်သွားနေရင်းက ကိုးဆယ်ဒီဂရီလှည့်လိုက်ပြီး ကိုယ့်ဆီကိုတည့်တည့်မတ်မတ်ကြီး လျှောက်လာသည်။ ကိုယ့်ခြေဖမိုးနားရောက်လာတော့ ရပ်လိုက်သည်။ ပြီးတော့ ခေါင်းထိပ်က အတံလေးကို မြှောက်လိုက်ပြီး ကိုယ့်ကိုမော့ကြည့်နေသည်။

“မင်းကိုယ်မင်း စိတ်စွမ်းအင်ကောင်းတယ်ဆိုပြီး ပိုးကောင်လေးကို ခေါ်လို့သူရောက်လာတဲ့အခါကျတော့ မင်းဘာဆက်လုပ်မလဲ။ သူခရီးသွားနေတာနှောက်ယှက်သလို မဖြစ်သွားဘူးလား။ အခုမင်းက သူ့ရှေ့က အတားအဆီးဖြစ်နေပြီ၊ သူဆက်သွားလို့မရတော့ဘူးလေ”လို့ သစ်ပင်ကြီးကပြောတယ်။

ပိုးကောင်လေးကို တုတ်ချောင်းလေးနဲ့ အသာတို့ယူပြီး သူသွားနေတဲ့ လမ်းကြောင်းပေါ်ကို ကိုယ်ပြန်ချပေးလိုက်တယ်။

ဆံပင်တွေထဲကို လက်ထိုးသွင်းလိုက်ပြီး ခေါင်းကိုခါပစ်လိုက်သည်။ ပင်စည်ကြီးကို ကျောနဲ့ပိုဖိကပ်ထားပြီး ခြေကိုစင်း မျက်စိကိုမှိတ်ထားလိုက်သည်။ ပိုးကောင်လေးတွေရဲ့အော်သံ၊ ကျွတ်ဆတ်တဲ့လေညှင်းသံ၊ စမ်းရေခတ်သံ၊ သစ်ရွက်လှုပ်သံတွေကိုကြားနေရသည်။ လူရှင်းတဲ့တစ်နေ့က ကိုယ်ကိုယ်တိုင် တက်ချိတ်ပေးထားတဲ့ ဆည်းလည်းလေးရဲ့ တေးသံသာကိုလဲကြားနေရသည်။

“ရတဲ့အခိုက်အတန့်လေးမှာ အပြစ်မဲ့စွာ ပျော်နေလိုက်ပါ၊ မင်းပဲ ဒီကိုလာချင်လှချည်ရဲ့လို့ မိဘတွေကိုပူဆာခဲ့တယ်။ ဟိုဆယ်စုနှစ်လောက်ကလူတွေ လွယ်လွယ်နဲ့ မပြန်ဖြစ်ကြတာသိလို့ လေယာဉ်ကွင်းကိုလိုက်ပို့တဲ့ မင်းအဖေ ယောက်ျားကြီးတန်မဲ့ လေယာဉ်ကွင်းမှာ အံကြိတ်လို့ မျက်လုံးတွေ ရဲတွတ်နေခဲ့တယ်။ ဒီကိုရောက်ခါစက သတင်းစာပို့ရပို့ရ၊ နွားနို့ပို့ရပို့ရဆို။ နောက်တော့လည်း ဘွဲ့လေးတစ်ခု၊ အလုပ်ကောင်းလေးတစ်ခု၊ နောက်တော့ ကားလေးတစ်စင်း၊ အိမ်လေးတစ်ဆောင်၊ ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းနေရတာနဲ့ အချိန်တွေတိုက်စားနေတာ သတိတောင်မထားလိုက်မိဘူးမို့လား။ အခု စာရေးလို့ ပန်းစိုက်ပြီး လူသူနည်းတဲ့ မြို့လေးတစ်မြို့မှာ ဘ၀တစ်ခုကို အဆုံးသတ်ချင်တယ်ဖြစ်ပြန်ပြီလား။ မင်းတို့လူတွေက မရခင်တော့ လိုချင်လိုက်ကြတာ၊ ရသွားတော့လည်း ဘာမှမဟုတ်သလိုပါပဲလား”

“အခြေအနေတစ်ခုမှ တစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ တစ်ခုကို လွှဲခုန်ခြင်းလိုပါပဲ။ ဘယ်သူမှ ဘားတန်းတစ်ခုထဲမှာပဲ တွဲလွဲအကြာကြီးခိုမနေကြဘူးလေ။ ရှေ့ကမြင်နေရတဲ့ ဘားတန်းကို ခုန်လွှဲပြီးရောက်အောင် သွားချင်ကြတာ။ ရှေ့ကဘားတန်းကို မထိခင် လေထဲက အခိုက်အတန့်ကတော့ ရင်ခုန်စရာကောင်းပါတယ်”

သစ်ပင်ကြီးကိုမော့ကြည့်ရင်း ခပ်တိုးတိုးငြင်းခုန်လိုက်သည်။

“တစ်ကယ်လို့ ပြုတ်ကျသွားခဲ့ရင်ရော” ပြောပြီး တစ်ချက်ရယ်မောလိုက်သည်။ သစ်ပင်ကြီး၏ ရယ်မောသံကို ကိုယ်အံ့သြသွားမိသည်။ မာနသံနှောသည့် တပ်မက်ဖွယ်ကောင်းသည့် ရယ်မောသံ။

“ဒါဆိုလည်း ထပ်ကြိုးစားကြည့်ရမှာပဲ၊ နာကျင်သွားခဲ့ရင်လည်း ဒီလူဟာပြုတ်ကျဖူးတဲ့သူ၊ နာကျင်ဖူးတဲ့သူပေါ့။ ဘားတန်းပေါ်က ပြုတ်ကျဖူးသူတွေ တော်တော်များကြမှာပါ”

“ဒီလိုပါပဲ ဘယ်လုပ်ရပ်မဆို တန်ပြန်သက်ရောက်မှုတွေ ရှိတယ်။ ဒီတန်ပြန်သက်ရောက်မှုရဲ့ အကျိုးအပြစ်တွေကိုလည်း ခံရဲရမှာပေါ့”

ခပ်လှမ်းလှမ်းက ခုံတန်းလေးပေါ်မှာ ရုံးတစ်ရုံးရုံးက စုံတွဲလေး ထမင်းအတူတူစားနေကြသည်။ သူတို့ထံက ရယ်မောသံတွေ တစ်ချက်တစ်ချက်ကြားလိုက်ရသည်။ ကိုယ်မရှိတဲ့အချိန်တွေမှာ သူတို့ ကိုယ့်သစ်ပင်အောက်မှာ ထိုင်တတ်ကြသည်တဲ့။ ဒီသစ်ရိပ်မှာ သစ်တောက်ငှက်လေးတွေ၊ ရော်ဘင်ငှက်လေးတွေ၊ ကျီးကန်းလေးတွေ နားခိုတတ်သည်။ အနီးအနားရုံးတွေက လူတွေလည်း သစ်ရိပ်ခိုကြသည်။ စမ်းချောင်းလေးတစ်လျှောက် သစ်ပင်ရိပ်တွေ ပေါများသော်လည်း ကိုယ်ကတော့ ဒီသစ်ရိပ်မှာပဲ ခိုလေ့ရှိသည်။ တစ်ခါတစ်ရံ ဒီအရိပ်အောက်မှာ လူရှိနေတတ်လျှင် ကိုယ်ခပ်လှမ်းလှမ်းက လှည့်ပြန်တတ်သည်။

“နောက်နေ့တွေလည်း… မင်း.. ပျင်းရင်လာခဲ့လေ။ ဒီမှာငါအမြဲရှိနေမှာပါ”

“ဟင်”

အားအင်ချိနဲ့စွာဖြင့် ပင်စည်ကိုမှီချလိုက်သည်။ ကျောပြင်နဲ့ ပိုကပ်ထားလိုက်ပြီး မျက်ရည်တွေစိုလာသည်။ နောက်..မျက်နှာချင်းဆိုင်အောင် ကိုယ်ကိုတပတ်လှည့်လိုက်ပြီး ပင်စည်ထဲမှာ ဖက်တွယ်မြုပ်ဝင်လို့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်။

“ပျင်းလို့လာတယ်…ဒီလိုထင်နေသလား။ ငါ့မှာလေ..မရှိတဲ့အချိန်တွေထဲက ရသမျှအချိန်လေးလုပြီး အေးမြတဲ့ အရိပ်မှာခဏလေးဖြစ်ဖြစ်ခိုဝင်ချင်လို့ အဝေးကြီးကလာခဲ့တဲ့သူပါ။ ခါးသီးမှုတွေ၊ မောပန်းမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်ခြင်းတွေနဲ့ မင်းဆီကို အရောက်လာခဲ့သူပါ။ မင်းအရိပ်မှာ ခိုနားနေသူရှိတဲ့နေ့ဆိုရင်လည်း လှည့်ပြန်တတ်သူပါ…”

“အချိန်ရှိတယ်…မရှိဘူးဆိုတာလည်း မင်းကိုယ်တိုင်သာ ဖန်တီးနေတာပဲမဟုတ်လား၊
နောက်ပြီး ငါက အရိပ်ပေးရမယ့်တာဝန်ရှိတယ်။ ဒီအရိပ်ဟာမင်းတစ်ယောက်တည်း အတွက်တော့ မဖြစ်နိုင်ဘူးလေ”

“နားလည်ပေးပါတယ်။ ဒီအရိပ်ကို တစ်ယောက်တည်း အတွက်တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မင်းဆီလာနေတာ.. မင်းနဲ့ရှိနေချင်တာ တစ်ခုတည်းသက်သက် ဆိုတာတော့ လက်ခံပေးပါနော်”

ပင်စည်ကြီးကို နှုတ်ခမ်းနဲ့ အသာလေးထိတို့ထားရင်း ခပ်တိုတိုး ရေရွတ်လိုက်မိတယ်… နှုတ်ခမ်းပေါ်မှာ ကြမ်းရှရှအထိအတွေ့တစ်ခု။ ဒီအတွေ့ကို ပျယ်ပြယ်မသွားစေ့ချင်မိတဲ့ စိတ်နှင့် ပင်စည်နဲ့ နှုတ်ခမ်းကို ဖိကပ်ထားလိုက်မိသည်။

“သွားတော့မယ်”

ခပ်တိုးတိုးပြောပြီး မတ်တပ်ရပ်လိုက်သည်။ လေအဝှေ့မှာ ပါးပါးလျှလျှအကျီင်္အဖြူက လွန့်လူးသွားသည်။ ဖိနပ်ထဲ ခြေထိုးစီးလိုက်သည်။ ထမင်းဗူးအိတ်လေးကို ကောက်ယူလိုက်သည်။ ခါးကိုဆန့်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ သစ်ပင်ကြီးဘက်ကို တစ်ချက်ငေးကြည့်လိုက်သည်။ ပြီးတော့ လာရာလမ်းလေးအတိုင်း ပြန်ခဲ့ပါတော့သည်။



ဆက်ဖတ်ရန်...